လမ်းမတော် ဩဂုတ် ၂၇
လမ်းမတော်မြို့နယ် UMFCCI တွင် မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်ကို အဆင့်မြှင့်တင်၍ လုပ်ငန်း များ တိုးချဲ့ဆောင်ရွက်သွားနိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့် အသင်းအဖွဲ့များ၏ လုပ်ငန်းလိုအပ်ချက်များကို MITS အုပ်ချုပ်မှု ဒါရိုက်တာ ဦးတိုးအောင်မြင့်၊ ဒါရိုက်တာ ဦးအောင်စိုးတို့ ပါဝင်သောအဖွဲ့မှ ယမန်နေ့တွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်(MITS)သည် ပို့ကုန်ပစ္စည်းများ စစ်ဆေးခြင်း၊ လယ်ယာ ထွက်ကုန်များ စစ်ဆေးခြင်း၊ ဆန်နှင့်ဆန်စက်များ စစ်ဆေးခြင်း၊ သွင်းကုန်ပစ္စည်းများ စစ်ဆေးခြင်း၊ စားအုန်းဆီစစ်ဆေးခြင်း၊ နို့နှင့် နို့ထွက် ပစ္စည်း များ စစ်ဆေးခြင်း၊ လမ်း၊ တံတားနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စစ်ဆေးခြင်း၊ ယာဉ်၊ ယန္တရားနှင့် စက်ပစ္စည်းများ စစ်ဆေးခြင်း နှင့် Fumigation တို့ကို ဆောင်ရွက်လျက်ရှိသည်။
ဆွေးနွေးပွဲတွင် အသင်းချုပ်အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများ ဖြစ်ကြသော ဦးမျိုးသန့်နှင့် ဒေါက်တာဝင်းစည်သူတို့မှ ပုဂ္ဂလိကကဏ္ဍ၏ လိုအပ်ချက်များ၊ ညှိနှိုင်းဆောင်ရွက်ပေးလိုသည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တက်ရောက်အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်