ဒေါပုံ ဖေဖော်ဝါရီ ၃
ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်လာစေရန်၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ခင်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ်များ ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးခန်းမတွင် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ဝါသနာရှင်အဆင့် ခြင်းအလှခတ်ပြပွဲ၊ အမျိုးသားအဖွဲ့လိုက် ခြင်းအလှခတ်ပြပွဲ၊ အမျိုးသမီး ခြင်းအလှခတ် ပြပြိုင်ပွဲများ ကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသော အဖွဲ့လိုက် ခြင်းအလှခတ်၊ အမျိုးသား ခြင်းအလှခတ်၊ အမျိုးသမီးခြင်းအလှခတ် ပြိုင်ပွဲဝင်များအား တက်ရောက်လာသော တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲသို့ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဝါသနာရှင်များ ပြိုင်ပွဲဝင်များ (၁၀၀) ဦးခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။
ယဉ်မော် (ပြန်/ဆက်)