မြစ်ကြီးနား ဖေဖော်ဝါရီ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်အထိမ်းအမှတ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မလိခ ဥယျာဉ်ပန်းခြံဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က တက်ရောက် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ မလိခဥယျာဉ်ပန်းခြံသစ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ယာယီညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြစ်ကြီးနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မလိခ ဥယျာဉ်ပန်းခြံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြကာ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မလိခဥယျာဉ်ပန်းခြံသစ်အတွင်း အများပြည်သူ အပန်းဖြေနိုင်ရေး အလှပန်းပင်များ၊ မီးတိုင်များ၊ အပန်းဖြေထိုင်ခုံများစသည်ဖြင့် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြို့တော် ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားများအတွက် နေပြည်တော် တွင် သွားရောက် ပါဝင်ကပြဖျော်ဖြေကြမည့် ပြည်နယ်ကိုယ်စားပြု တိုင်းရင်းသားရိုးရာ အကအဖွဲ့ဝင် (၉၀)ကျော်တို့၏ ဝတ်စုံပြည့်ဖြင့် အစမ်းလေ့ကျင့် ကပြဖျော်ဖြေမှုကို အားပေးကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ တိုင်းမှူးက ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက အကအဖွဲ့များအတွက် ထောက်ပံ့ငွေများကို အသီးသီး ချီးမြှင့်ပေးအပ် ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ စီစဉ်ကျင်းပသည့် မြစ်ကြီးနားတက္ကသိုလ် အရာထမ်း၊ အမှုထမ်းများ၏ စုပေါင်း ကိုယ်လက်ကြံ့ခိုင်မှုအက Fitness Dance အကဖြင့် ကပြ လေ့ကျင့်ဖျော်ဖြေမှုများနှင့် ပြည်နယ် မြန်မာ့ရိုးရာသိုင်းဆပ် ကော်မတီအဖွဲ့နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ ပူးပေါင်း ဆောင်ရွက်သည့် မြန်မာ့ရိုးရာ သိုင်းပညာကို လေ့ကျင့်ကစားပြသမှုများနှင့် တိုင်းဒေသကြီး/ပြည်နယ် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့သိုင်း အဖွဲ့ဝင်များက လေ့ကျင့်ကစားပြသမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြလေ့ကျင်ခဲ့ကြသည့် တက္ကသိုလ်အကအဖွဲ့နှင့် မြန်မာ့သိုင်း သရုပ်ပြအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ပြည်နယ်ကိုယ်စားပြု မြန်မာ့သိုင်းအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၂ သိန်း၊ နည်းပြများအတွက် ထောက်ပံ့ငွေကျပ် ၄ သိန်း၊ တိုင်းမှူးက သရုပ်ပြအဖွဲ့ (၂)ဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၆ သိန်း၊ နည်းပြ အဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၂ သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့၌ နိုင်ငံတော်မှ အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုတွင် ပါဝင်ခြင်းမရှိဘဲ မြို့ပေါ်ဈေးများ၌ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုနှင့် ဈေးရောင်း/ ဈေးဝယ်များဖြင့် လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားနေမှု အခြေအနေတို့ကို ဈေးကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်သူ့အားကစားကွင်းအတွင်း (၇၄)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဝန်ကြီးဌာနပေါင်းစုံ အမျိုးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရေး ပြည်နယ်၏ အကျိုးစီးပွားကို လက်တွဲညီညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင် နေကြသော ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်မှုရရှိစေရေးနှင့် လုပ်ငန်းခွင်တွင် ကြုံတွေ့နေရသည့် စိတ်ဖိစီးမှုများကို လျော့နည်းပပျောက်စေပြီး စိတ်ပျော်ရွှင်ချမ်းမြေ့ လာစေရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများက ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဌာနအသီးသီးမှ ဘောလုံးအသင်း (၇)သင်း၏ ကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က ကွင်းအတွင်းသို့ ဘောလုံးကန် ဖွင့်လှစ်ပေးကာ အဖွင့်ပွဲစဉ်အဖြစ် လူမှုရေးရာဝန်ကြီး ဌာနအသင်းနှင့် စီးပွားရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေး ခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ (၇၄) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နေပြည်တော်တွင်သွားရောက် ယှဉ်ပြိုင်မည့် ဂေါက်သီးရိုက် ပြိုင်ပွဲအတွက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြစ်ကြီးနားမြို့ရှိ ဂေါက်ကလပ်များ မှ တာဝန်ရှိသူများနှင့် နေပြည်တော်တွင်း သွားရောက် ယှဉ်ပြိုင်မည့် ဂေါက်သီးရိုက် အသင်းအတွက် အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)