ကျိုက်ထိုမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ကျိုက်ထို ဖေဖော်ဝါရီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့်နိုင်ငံသား စိစစ်ရေးကတ်ပြား များ ပေးအပ်ပွဲကို ဖေဖော်ဝါရီ(၁)ရက် နံနက် ၁၀နာရီက အထက(၁) ရာပြည့်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးမှ အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ် ဦးစီးမှူးရုံးမှ  မြို့နယ်ဦးစီးမှူး ဦးထက်မောင်ဝင်းက ပန်းခင်းစီမံချက်ဆိုင်ရာ ရည်ရွယ်ချက်နှင့် သိသင့် သိထိုက်သည့်အရာများ၊ မြို့နယ်အတွင်း ဆောင်ရွက်နေသည့်အခြေအနေများကို အသိပညာပေး ပြောကြားခဲ့ပါသည်။

ထို့နောက် ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သော  ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၃) ကျောင်းမှ ကျောင်းသား (၅၀၄)ဦး၊ကျောင်းသူ(၅၄၄) ဦးနှင့် ဆရာ/ဆရာမ (၂၁)ဦး စုစုပေါင်း (၁၀၆၉)ဦး တို့အား တာ၀န်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်၀ယ်အရောက် ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍လည်း ပန်းခင်းစီမံချက်ဖြင့် ၂၀၂၂ခု နှစ်တွင် အသက်(၁၈)နှစ် ပြည့်လာမည့်သူနှင့် အသက် ၁၈နှစ်ပြည့်ပြီးသူများကို ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးတို့ကို လူဝင်မှုကြီကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန ကျိုက်ထိုမြို့နယ် ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းမော်(ကျိုက်ထို)