ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂
မန္တလေးမြို့တွင် မြို့တော်ဝန်ဖလား အလွတ်တန်းဖိတ်ခေါ် စက်ဘီးပြိုင်ပွဲကို ဖေဖော်ဝါရီ လ ၁ ရက်နေ့ မွန်းလွဲ၂နာရီခွဲက ၂၆လမ်းရှိ မန္တလေးမြို့တော်စည်ပင် သာယာရေးရုံးရှေ့တွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကိုက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်၁၂၀ဦးမှ မန္တလေးမြို့တော်စည် ပင်သာယာရေးရုံးရှေ့မှ စတင်တာထွက်ကာ ကျုံး သုံးပတ်ပတ်ပြီး စက်ဘီးနင်းယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပထမဆုရရှိသူကို ၁၅ သိန်းကျပ်၊ ဒုတိယဆုရရှိသူကို ၁၀ သိန်း ကျပ်၊တတိယဆုရရှိသူကို ၅ သိန်းကျပ်၊ စတုတ္ထဆု ရရှိသူကို ၃ သိန်းကျပ်၊ အဆင့်(၅)မှ (၁၄)အထိ ဆုရရှိသူများကို ၂ သိန်းကျပ်စီဖြင့် ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် Road Bike မှလွဲ၍ ကျန်နှစ်သက်ရာ စက်ဘီးအမျိုးအစားများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ၂၆လမ်းရှိ မန္တလေးမြို့တော်စည် ပင်သာယာရေးရုံးရှေ့မှ စတင်တာထွက်မည်ဖြစ်ပြီး ကျုံး သုံးပတ်ပတ်ကာ ၂၄မိုင် စက်ဘီးစီး၍ ယှဉ်ပြိုင်ခဲ့ရကြောင်း သိရသည်။
ထိပ်ထားနိုင် (ပြန်/ဆက်)