ဒဂုံ ဖေဖော်ဝါရီ ၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော် အောက်ပစ္စယာ၊ မော်တော်ယာဉ်ရုံးအနီးရှိ ဗုဒ္ဓကလျာဏယုဝအသင်း (ဗဟို) (YMBA) တွင် ၂/၂၀၂၂ ဘွဲ့တော်များ ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် (၀၈:၃၀) နာရီ အချိန်က ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဘဒ္ဒန္တတိလောကာဘိဝံသ (အင်းစိန်ရွာမပရိယတ္တိကျောင်းတိုက်) ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ YMBA အသင်း ဥက္ကဋ္ဌ ဦးရဲထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်မင်းကျော်သူ၊ ဘွဲ့ရရှိသည့် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များစုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားအား အစီအစဉ် (၉) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဘဒ္ဒန္တတိလောကာဘိဝံသက သြဝါဒကထာ မိန့်ကြားခြင်း၊ ဒေါက်တာအောင်မင်းကျော်သူက YMBA အသင်းကြီးအကြောင်းအား လျှောက် ထားခြင်း၊ ဆရာတော်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အသင်းဘွဲ့တော်ရွေးချယ်ရေးအဖွဲ့ အသင်းနာယက ဦးစိန်သန်းက ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်းနှင့် လူပုဂ္ဂိုလ်(၆) ဦးအား ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခြင်းများ ပြုလုပ်၍ လှူဒါန်းမှုများအတွက် ရေစက်သွန်းချ တရားတော်များနာကြားပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်