မုဒုံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်

မုဒုံ    ဖေဖော်ဝါရီ    ၃

မွန်ပြည်နယ်မုဒုံမြို့နယ်တွင်  အရန်မီးသတ်တပ်ဖွဲ့ဝင်များ  လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မုဒုံမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်း တပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီက မုဒုံမြို့နယ် မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်က မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် တာဝန်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ အခြားရုတ်တရက် ဖြစ်ပွားသော ဘေးအန္တရာယ်များမှ ကာကွယ် တားဆီးရေးနှင့် ပြည်သူလူထုအတွင်း စိမ့်ဝင်ပြန့်နှံ့စေရန် တူညီဝတ်စုံဖြင့် တပ်ဖွဲ့အသွင် ဖွဲ့စည်းထားပြီး အရန်မီးသတ် တပ်ဖွဲ့ဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန် လေ့ကျင့်ပေးရခြင်းဖြစ်ကြောင်းနှင့် စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် ကာကွယ်သွားကြရန် ပြောကြားသည်။

ထို့နောက် သင်တန်းသားတပ်ဖွဲ့ဝင်များအား အရန်မီးသတ် တူညီဝတ်စုံများကို တာဝန်ရှိသူ များမှ  ပေးအပ်ခဲ့သည်။  အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား (၂၅) ဦး တက်ရောက်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)