ညောင်ဦးမြို့ အမှတ် (၁) သာယာဝတီရပ်တွင် ရပ်ထားသည့်သ‌င်္ဘောအား စက်လှေတစ်စီးမှဝင်တိုက်ကာ နစ်မြှပ်ခဲ့ပြီး စက်လှေပါအမျိုးသမီးအမျိုးသမီးနှစ်ဦး ရှာမတွေ့သေး

ညောင်ဦး ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ် (၁) သာယာဝတီရပ် ဧရာဝတီမြစ်အတွင်း ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က စက်လှေတစ်စီး တိမ်းမှောက်နစ်မြုပ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

ဖြစ်စဉ်မှာ အဆိုပါစက်လှေသည် ၅ နာရီအချိန်ခန့်တွင် ညောင်ဦးမြို့ ဧရာဝတီမြစ်အတွင်း ခြောက်ဘုရားလှဘက်မှစတင်ကာ စက်လှေမောင်း ဦးမြတ်လေးကိုမောင်းနှင်သော စက်လှေမောင်းအပါအဝင် လူ ၁၆ ဦးသည် မိသားစုအပျော်စီးအဖြစ်မောင်းနှင်ခဲ့ကြောင်း၊ ညောင်ဦးမြို့ အမှတ် (၁) သာယာဝတီဆိပ်ကမ်းအနီးအရောက်တွင် ကျောက်ချရပ်တန့်ထားသည့် သင်္ဘောသုံးစီးအနက် အလယ်အစီးအား စက်လှေထိပ်ဦးပိုင်းဖြင့်ဝင်တိုက်မိရာမှ မထိန်းနိုင်ပဲဖြစ်ကာ တိမ်းမှောက်ခဲ့ကြောင်း၊ စက်လှေတိမ်းမှောက်မှုဖြစ်ပွားချိန် အနီးရှိစက်လှေများမှချက်ခြင်းဆယ်ယူကြသဖြင့် ၁၄ ဦး ပြန်လည်ဆယ်ယူကယ်ဆယ်နိုင်ခဲ့ပြီး၊ ညောင်ဦးမြို့ ကရုဏာရှင်အသင်းမှ အသင်းသားများက လူမှုကူညီရေးယာဉ် ၂ စီးဖြင့် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်ရှိ သောလူနှစ်ဦးအား ညောင်ဦးခရိုင် ခရိုင်မီးသတ်ဦးစီးမှူး ဦထက်အောင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းများ မြစ်အတွင်းဝိုင်းဝန်းရှာဖွေ သော် လည်း ည ၈ နာရီခွဲထိ ရှာမတွေ့သေးကြောင်း သိရသည်။

စက်လှေနစ်မြှုပ်မှုကြောင့် ပြန်လည်ရှာဖွေတွေ့ရှိသူ ၁၄ ဦးအနက် ကျန် ၁၃ ဦးမှာ မစိုးရိမ်ရသဖြင့် မိမိတို့နေအိမ်များသို့ ပြန်သွားကြပြီဖြစ်ပြီး၊ တစ်ဦးမှာ ညောင်ဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ပြန်လည်မတွေ့သေးသည့်သူနှစ်ဦးအား ယနေ့ ၈ နာရီအချိန်မှစတင်ကာ ညောင်ဦးခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စက်လှေသမားများ ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် စက်လှေမောင်း ဦးမြတ်လေကိုအား ညောင်ဦးမြို့မရဲစခန်းက အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုထိန်၊KPD