ကျောက်ဆည်မြို့နယ် ဝမ်းသောင်ကျေးရွာ၌ ဒုတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၃၁,၁၅၀,၀၀၀) ထုတ်ချေးပေး

ကျောက်ဆည်   ဖေဖော်ဝါရီ   ၂

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက်  မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက  ဝမ်းသောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒုတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ(၃၁၁)သိန်းငါးသောင်းကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ(၆၅)ဦးအတွက် ငွေကျပ်(၁၃၉)သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၈၅)ဦးအတွက် ငွေကျပ်(၁၄၆)သိန်း ၊ အရောင်းအဝယ် လုပ်ကိုင်သူ(၁၅)ဦး အတွက် ငွေကျပ်(၂၆)သိန်းငါးသောင်းကျပ် စုစုပေါင်း စီးပွားရေးလုပ်ကိုင်သူ(၁၆၅)ဦးအတွက် ငွေကျပ် (၃၁၁) သိန်းငါးသောင်းကျပ်  ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်ဝမ်းသောင်ကျေးရွာတွင် အိမ်ခြေ(၂၂၂)အိမ်၊ အိမ်ထောင်စု(၂၄၇)စု၊ လူဦးရေ (၉၇၄)ဦး နေထိုင်လျက်ရှိပြီး ဒုတိယအကြိမ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ထုတ်ပေးခြင်းဖြင့်  ကျေးရွာပြည်သူများ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေ ပိုမိုတိုးပွားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းသိရှိရသည်။

သက်မောင်(ကျောက်ဆည်)