မိတ္ထီလာ ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း များနှင့် ထရန်စဖော်မာများ တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ သိရသည်။
မိတ္ထီလာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်း၌ လျှပ်စစ်ဓာတ်အား တိုးတက်ကောင်းမွန် စေရေးနှင့် ကျေးရွာတိုင်း မီးလင်းနိုင်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)အစီအစဉ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါ အောင်မြင်သည့် I.G.E Power Co;Ltdမှ တာဝန်ယူပြီး ၁၁ ကေဗွီ ဓာတ်အားလိုင်း ၈.၇၄ မိုင် တည်ဆောက်ခြင်း၊ ၅၀ ကေဗွီအေ ထရန်စဖော်မာ ၁၁ လုံးနှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ နှစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလမှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။ ၎င်း ၁၁ကေဗွီ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ တည်ဆောက်ခြင်းလုပ်ငန်းများကို ဇွန်လအတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ရာ အဆိုပါ တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပါက အင်း၊ ထန်းတော၊ ရှမ်းတဲ၊ ညောင်အိုင်၊ လွန်းပို၊ ကုက္ကိုပင်၊ ထန်းတောလေး၊ ကျောက်ကာ၊ အုန်းနှဲပုတ်၊ ရွာသစ် ၊ ပြွန်ကောက်၊ မြောင်းပေါက်၊ တောင်းကောက်ကျေးရွာတို့တွင် လျှပ်စစ်မီး လင်းနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)