မိတ္ထီလာတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ  ဖေဖော်ဝါရီ   ၂

မိတ္ထီလာမြို့ အထက (၁) တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဇော်အောင်လေးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်း က ရှင်းလင်းပြောကြားသည်။ ထို့နောက်  အထက (၁) တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော ကျောင်းသား/ကျောင်းသူ ၃၅ ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆိုပါကျောင်းသား ကျောင်းသူ များထံသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အုန်းသန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လေး၊ မြို့နယ်စည်ပင်သာယာရေးဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်၊ ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးကျော်ဇေယျ၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဝင်းသိန်းတို့က အသီးသီး ပေးအပ်သည်။

ဆက်လက်၍ အထက(၁) ကျောင်းအုပ် ဦးမြသိန်းထံသို့ ကျန်ရှိသော  ကျောင်းသား/ကျောင်းသူ များ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်ဦးစီးမှူး ဦးဌေးဝင်း က  ပေးအပ်ကြောင်း သိရသည်။

ချမ်းသာ