ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရခိုင်ပြည်နယ်လုံးကျွတ် သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

စစ်တွေ  ဖေဖော်ဝါရီ ၂

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရခိုင်ပြည်နယ်လုံးကျွတ် သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့လောကာနန္ဒာစေတီတော်ဝန်းအတွင်း၌ ကျင်းပ သည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်လုံးကျွတ် သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို လောကာန္ဒာ စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ဆရာတော် သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကြသည်။ ထို့နောက် ပြည်နယ် ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တနန္ဒသိရီမဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ် များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက သာသနာရေးဆိုင်ရာများ လျောက်ထားပြီး ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက သံဃာတော် အရှင် သူမြတ်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ ဓမ္မသုခ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြု သော ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ အခမ်းအနား အပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

နေ့လည်ပိုင်းတွင် လောကာန္ဒာစေတီတော်ဝန်းအတွင်း၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူများမှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ၊ ပြည်နယ်ဩဝါဒါစရိယဆရာတော်များ၊ ဂိုဏ်းပေါင်းစုံ ပြည်နယ်သံဃနာယကဆရာတော်များ၊ မြို့နယ်သံဃနာယက ဆရာတော်များနှင့် ကျောင်းတိုက်အသီးသီးမှ သံဃာတော်အရှင်သူမြတ် ၂၀၀ ပါးနှင့် သီလရှင်များအား ဆွမ်း ဆန်စိမ်းတော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို လောင်းလှူကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူများက ဆွမ်းဆန်စိမ်းတော် လောင်းလှူနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့အတူ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း ဆွမ်းဆန်စိမ်းတော် လောင်းလှူပွဲကို ကျင်းပလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)