ပေါင်မြို့နယ်၌ သက်မွေးအ‌ထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပ

ပေါင်    ‌ဖေဖော်ဝါရီ    ၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရဲပြားကုန်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဥ်တစ်ခုအဖြစ် အခမဲ့ ဖွင့်လှစ်ခဲ့သည့် ကျေးလက်နေ အမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး သက်မွေးအ‌ထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးဝင်းက သင်တန်း ဖွင့်လှစ်ပေးခဲ့ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်းက သင်တန်းဆင်း ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ယင်းနောက် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းထူး ချွန်ဆုများကို ပေးအပ်ချီးမြှင့်ပြီး သင်တန်းတက်ရောက်သူများ ချုပ်လုပ်ပြသထားသည့် ရှပ်အင်္ကျီ၊ ခါးတင်ရင်ဖုံးအင်္ကျီ၊ ဘောင်းဘီ၊ ဂါဝန် အစရှိသည့် အမျိုးအစားပေါင်း(၁၀)မျိုးတို့အား လိုက်လံကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ကြသည်။

အဆိုပါ သင်တန်းမှာ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး ကျေးလက်နှင့် မြို့ပြကွာဟမှု ကျဉ်းမြောင်းလာစေရန်နှင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကာ တစ်လကြာ အခမဲ့ စားရိတ်ငြိမ်းဖွင့်လှစ် ပေးခြင်း ဖြစ်ပြီး ကျွမ်းကျင်နည်းပြများက အခြေခံလက်ချုပ်၊ ပုဆိုး၊ လုံချည်၊ ဘလောက်(စ်)အင်္ကျီ၊ ရင်ဖုံး/ရင်စေ့အင်္ကျီ၊ စကတ်၊ ဂါဝန်စသည့် အခြေခံစက်ချုပ်ဘာသာရပ်များကို သင်ကြား‌ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်