ရန်ကုန် သြဂုတ် ၂၇
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ် တော့မည်ဖြစ်ရာ ရန်ကုန် တောင်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၀ သိန်း ကျော် ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံပေါင်း ၁၇၀၀ ကျော်ထားရှိရေး ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ၌ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် (ခရိုင် တာဝန်ခံ)နှင့် ရန်ကုန်တောင်ပိုင်းခရိုင် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲ အရာရှိ များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ရန်ကုန် တောင်ပိုင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ရန်ကုန်တောင်ပိုင်း ခရိုင်(တာဝန်ခံ) ဦးကျော်မိုးကြည် က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သြဂုတ် ၂၂ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အား ရှင်းလင်း ပြောကြားခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းဆောင်ရွက်လျက်ရှိသော မဲစာရင်းပြည့်စုံ မှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားရေးတို့အား ရှင်းလင်းမှာကြားသည်။
ဆက်လက်၍ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းလှိုင်က ရန်ကုန် တောင်ပိုင်းခရိုင် အတွင်း မြို့နယ် ၁၀ မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး မဲရုံပေါင်း ၁၇၀၀ ကျော်နှင့် မဲဆန္ဒရှင် ၁၀ သိန်းကျော် ဆန္ဒမဲပေး နိုင်ရေး ဆောင်ရွက်နေမှုများနှင့် ရွေးကောက်ပွဲ ကာလ နီးကပ်လာပြီဖြစ်၍ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများ စုံညီစွာ နေ့စဉ် ရုံးတက် ဆောင်ရွက်ရေး၊ ရပ်ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်းသွားရောက်၍ ကြီးကြပ်ကွပ်ကဲ စီမံပေးသွားကြရန်တို့အား ရှင်းလင်း ပြောကြားပြီး ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးစိုးမင်းက မဲရုံလျာထားမှုများနှင့် ပထမ အကြိမ် မဲစာရင်း ကပ်ထားကြေညာချက်များမှ ရရှိသော ပုံစံ ၃၊ ပုံစံ ၄၊ ပုံစံ ၄-(ဂ) တို့ကို ဒုတိယအကြိမ် မဲစားရင်း ကပ်ထားကြေညာမည့်အချိန်တွင် အချိန်မီပြီးစီးကပ်ထား ကြေညာ ပေးနိုင်ရေးနှင့် သင်တန်းပို့ချမည့် အချိန်ဇယားများ ရေးဆွဲဆောင်ရွက်ရေးတို့အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး တို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ရန်ကုန်တိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် ရန်ကုန် တောင်ပိုင်းခရိုင်(တာဝန်ခံ) ဦးကျော်မိုးကြည်က ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၏ တင်ပြ ဆွေးနွေးမှုများအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)