မူဆယ်မြို့နယ်အတွင်းရှိ နယ်စပ်ဒေသကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်     

မူဆယ် ဖေဖေါ်ဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့တော် ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                      

အခမ်းအနားတွင် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဦးအောင်ဇော်မိုးက အမှာစကားပြောကြားရာတွင် မူဆယ်မြို့နယ်၊ နမ့်ဟွယ်ကျေးရွာရှိ ဘုန်းတော်ကြီးမှ မိမိတို့ကျောင်းတွင်ရှိသော မိဘမဲ့ကလေးငယ်များက လိုင်စင်မဲ့ကားတွေနဲ့တူတယ် သူတို့မှာ လိုင်စင်ဆိုပြီးပြစရာ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ လက်ဝယ်မရှိလို့၊  ဒါ့ကြောင့်မို့ လူလိုင်စင်ဖြစ်တဲ့ နိုင်ငံသားကတ်ပြားတွေကို လက်ဝယ်အရာက် လုပ်ကိုင်ပေးနေချိန်မှ လာရောက် လုပ်ကိုင်စေချင်ပါကြောင်းဆိုတာ မိမိအနေဖြင့်မှတ်ထားပြီး ယနေ့အချိန်ထိ နားထဲတွင်ကြားယောင် နေသဖြင့် မိမိတို့ဒေသခံတိုင်းရင်းသားများအနေဖြင့် သိရှိရန်လိုအပ်ပါကြောင်း၊ အိမ်သို့ ပြန်ရောက် ချိန်တွင် အနီးပတ်ဝန်းကျင်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတွင် သွားရောက်လုပ်ကိုင်ကြရန် ထပ်ဆင့်ပြောကြားပေးစေလို ပါကြောင်း၊ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ ပြည်သူများထံသို့ရောက်ရှိအောင် ဆောင်ရွက်စေလိုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။                                                 

ယင်းနောက် တက်ရောက်လာကြသော မူဆယ်မြို့နယ်အတွင်းရှိ မန့်ဟန်ကျေးရွာအုပ်စု၊ နောင်လောင်းကျေးရွာအုပ်စု၊ တိန်းလုံကျေးရွာအုပ်စုတို့မှ ဒေသခံတိုင်းရင်းသားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်မိသားစုများနှင့် စည်ပင်သာယာရေးဝန်ထမ်း မိသားစုဝင်များအတွက် နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စုလူဦးရေ(၃၇)စုနှင့် ယခင်ဆောင်ရွက်ထားရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၅၃)ကတ်အား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းနှင့် မြို့နယ်ဦးစီးမှူးတို့က ပေးအပ်ခဲ့ကြသည်။    

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဒေသခံပြည်သူများအားလုံးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ပန်းခင်းစီမံချက်ပါ အသိပညာပေးမေးခွန်းများကို မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူ(၅)ဦးနှင့် ဗလာမပါကံစမ်းမဲများကို မဲဖောက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် တက်ရောက်လာသူ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကံစမ်းမဲနှင့်အတူ ဆုငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)