ကျိုက်မရော ဖေဖော်ဝါရီ ၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ကျိုက်မရောမြို့ ကမ်းနားလမ်းရှိ အတ္တရံမြစ်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
လှေပြိုင်ပွဲ အခမ်းအနားတွင် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများမှ လှေလှော်အသင်းအဖွဲ့ ၆ ဖွဲ့မှ လှေလှော်အားကစားသမားများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယမန်နေ့ ပထမနေ့ ပွဲစဉ်ဖြင့် ပိန္နဲကုန်းကျေးရွာ ခန့်ကြီးမောင်လှေလှော်အသင်းနှင့် ရှင်စောပုရပ်ကွက်မှ ဒူးလေး အသင်းတို့က အင်တိုက်အားတိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပိန္နဲကုန်းကျေးရွာ ခန့်ကြီးမောင်လှေလှော်အသင်းမှ အနိုင်ရရှိကာ ပထမဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
လှေလှော်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့ထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆုရရှိသော အသင်းများအား ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း လှေလှော်ပြိုင်ပွဲကျင်းပရေး ကော်မတီမှ သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)