ဟိုပုံး ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ အနားယူခြင်းနှင့် အစား ထိုး ရွေးချယ်တင်မြှာက်ခြင်း အခမ်းအနားကို ယနေ့ မွန်းတည့်အချိန်က တုံခမ်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားသည်။ ထို့နောက် အခမ်းအနားမှူးဆရာတော်က အနားယူသည့် ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကိုကြေငြာပြီး ပြန်လည်ရွေးချယ်နိုင်ရန်အတွက် သက်ဆိုင်ရာနယ်မြေအလိုက် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်ကို ဖိတ်ခေါ်ပြီး အစားရွေးချယ်ခံရသည့် ဆရာတော်ဘွဲ့စာရင်းကို အစည်းအဝေးသို့ တင်သွင်းပြီး ဆရာတော်များ၏ လျို့ဝှက်ဆန္ဒခံယူ၍ ဟိုပုံးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ် တုံခမ်းကျောင်းဆရာတော် ဘဒ္ဒန္တအာလောကနှင့် ဆီဆိုင်မြို့နယ်၏ မြို့နယ်သံဃာ့နာ ယကဥက္ကဋ္ဌအဖြစ် ဇဝနာရာမဆရာတော် ဘဒ္ဒန္တပညာသီဟတို့အား ရွေးချယ်၍ အဖွဲ့ဝင်များ ဆက်လက် ရွေးချယ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်သံဃာနာယကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရွေးချယ်ပြီးနောက် သဘာပတိဆရာတော်က နိဂုံးချုပ် ဩဝါဒမြွက်ကြားပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ မြို့နယ်သံဃာနာယက အဖွဲ့ဝင်များ အစားထိုး ရွေးချယ်ခြင်းကို ပြီးမြောက်ကြောင်း ကြေငြာခဲ့သည်။ အဆိုပါ မြို့နယ်သံဃာ့နာယက ရွေးချယ်ပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)