ပျော်ဘွယ်မြို့နယ်တွင်(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ထမနဲထိုးပြိုင်ပွဲကျင်းပ

ပျော်ဘွယ် ဖေဖော်ဝါရီ ၂

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဌာနဆိုင်ရာနှင့် ကျေးရွာအုပ်စုများ စုပေါင်း၍ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

“ယခုကျင်းပပေးတာက ဝန်ထမ်းတွေအနေနဲ့လည်းပျော်ရွှင်မှုရရှိအောင်၊ စည်းလုံးညီညွတ်မှုတွေ တိုးတက် စေဖို့၊ နေ့စဉ်လုပ်ငန်းတာဝန်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ထမ်းဆောင်နိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါတယ် ”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်က ရှင်းပြသည်။

ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲကိုကျင်းပရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ(၁)သင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ(၁)သင်း၊ ကျေးရွာအုပ်စုတို့မှ(၂)သင်း၊ စုစုပေါင်း(၄) သင်းပါဝင်ယှဉ်ပြိုင်ကြရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)