ကချင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မိုးညှင်းတက္ကသိုလ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်

မိုးညှင်း   ဖေဖော်ဝါရီ  ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တက္ကသိုလ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီတွင် မိုးညှင်းတက္ကသိုလ်အရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီလွင်၊ အဖွဲ့ဝင် ဦးတင့်ဆန်း၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သိန်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိုးညှင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း ဦးဆောင်သည့် ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများက တက်ရောက်ခဲ့ကြသည်။

အဆိုပါ နိုင်လွန်ကတ္တရာလမ်းသစ်သည် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် Mann Htin Paw Co., Ltd ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးပြီး ကားလမ်းအရှည်ပေ (၂၀၀၀)နှင့် အကျယ်(၂၄)ပေရှိ၍ ခွင့်ပြုရန်ပုံငွေ ကျပ် (၂၄၂.၇၇၈) သန်းဖြင့် လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင် (ပြန်/ဆက်)