မုဒုံ ဖေဖော်ဝါရီ ၂
မွန်ပြည်နယ် မုဒုံမြို့နယ်၌ အသက်(၁၅)နှစ်အောက် ကလေးငယ်များအား ထပ်ဆောင်း ပိုလီယို ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့မ (၂)ရပ်ကွက်ရှိ လောကမာရဇိန်ဓမ္မာရုံအပါအဝင် ဆေးတိုက်ကျွေးစုရပ် (၃၀) နေရာ၌ အသီးသီး တိုက်ကျွေးသည်။
ထိုသို့ ဆေးတိုက်ကျွေးရာတွင် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာကျော်မိုးနိုင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့တို့က ကလေးငယ်များအား တိုက်ကျွေးကြပြီး ပိုလီယိုကာကွယ်ဆေး တိုက်ခြင်းအားဖြင့် ကလေးငယ်များကို ပိုလီယိုရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်မည်ဖြစ်ကာ ရာသက်ပန် မသန်မစွမ်းဖြစ်ခြင်းမှ ကင်းဝေးမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန် ထားကြောင်းသိရှိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)