ဆီဆိုင်မြို့တွင် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

ဆီဆိုင်   ဖေဖော်ဝါရီ  ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်နန်းမျိုးဆောင်းကျော်က (၁၈၂၄-၁၈၂၆)ဘကြီးတော်မင်းတရားလက်ထက်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ရခိုင်နှင့်တနင်္သာရီ နယ်မြေများဆုံးရှုံးခဲ့ရပုံ၊ (၁၈၅၂-၁၈၅၄) ပုဂံမင်းလက်ထက် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲတွင် အောက်မြန်မာနိုင်ငံတစ်ခုလုံးအပါအဝင် အထက်မြန်မာနိုင်ငံ မြေထဲမြို့အထိ ဆုံးရှုံးခဲ့ရပုံ၊ ၁၈၈၅ သီပေါမင်းလက်ထက် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲတွင် သီပေါမင်းပါတော်မူခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်ရောက်ရှိခဲ့ရပုံ၊ သူ့ကျွန်မခံလိုစိတ်ဖြင့် တိုင်းရင်းသားများနယ်ချဲ့အားဆန့်ကျင်တော်လှန်ခဲ့ကြပုံ၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားရေးအင်အားစုများ ပေါ်ပေါက်လာပုံများနှင့် ပင်လုံစာချုပ်နှင့်တိုင်းရင်းသား စည်းလုံးညီညွှတ်မှုအကြောင်းများကို ကျယ်ကျယ်ဝင့်ဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)