နောင်ချိုမြို့နယ် မြနန်းတော်ဝင်ခန်းမ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်ပွဲဆောင်ရွက်

နောင်ချို    ဖေဖော်ဝါရီ    ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က နောင်ချိုမြို့ မြနန်းတော်ဝင်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ် ဦးစီးဌာနရုံးမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အသက် ၁၆ နှစ် ၁၈ နှစ်ကြား၊ ၁၈ နှစ်အထက် ကိုင်ဆောင်ခွင့်လက်မှတ် မရှိသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပေးခဲ့မှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မြင့်ဦးက ရှင်းလင်း ပြောကြားခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ဆောင်ရွက်သူများ၏ ဝမ်းသာစကားသံများကိုလည်း ကြားသိခဲ့ ရပါသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်းကို ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ(၃)ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့အခမ်းအနားတွင် ကိုင်ဆောင်လက်မှတ်မရှိသူ(၇၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှုအပေါ် ဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးဦးညိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

ထွေးငယ်၊ နောင်ချို (ပြန်/ဆက်)