နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ရှမ်းပြည်နယ်၊ အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယကဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်(Aerobic)ပြိုင်ပွဲ ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ  ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယကဖလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသနှင့် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း အေရိုးဗစ်(Aerobic)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို  ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ဖေဖော်ဝါရီ(၁)ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ နာယက ဒေါက်တာခင်ခင်ထူး တက်ရောက်အမှာစကားပြောကြားရာတွင် ကျန်းမာကြံ့ခိုင်သော အမျိုးသမီးများ ပေါ်ထွက်လာစေရန် ၊ အမျိုးသမီးများ အားကစားကို စိတ်ပါဝင်စားလာပြီး အမျိုးသမီးတစ်စု အားကစားမှအမျိုးသမီးထု အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်ရန်၊ အမျိုးသမီးထု၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တဗလ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ရန်၊ အမျိုးသမီးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးရန် စသည့်ရည်ရွယ်ချက်များဖြင့် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်(Aerobic)ပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ယခုပြိုင်ပွဲမှ လက်ရွေးစင်အသင်းများကို ရွေးချယ်ပြီး နေပြည်တော်၌ ဖေဖေါ်ဝါရီလတွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (Aerobic)ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင်  ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၃)ခု၊ ခရိုင် (၁၀) ခုမှ ပြိုင်ပွဲဝင် အမျိုးသမီးအားကစားသမားများက  အသင်းလိုက်(၅)ဦးတွဲပြိုင်ပွဲ၊ အသင်းလိုက် (၃)ဦးတွဲပြိုင်ပွဲ၊ (၁)ဦးချင်းပြိုင်ပွဲများကို ပြိုင်ပွဲနည်းစနစ်များအတိုင်း  ပြိုင်ပွဲဝင်အသင်း(၁၃)သင်းတို့သည် ဇန်နဝါရီလ ၂ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါက်တာခင်ခင်ထူး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊အားကစားနှင့်ကာယပညာဉီးစီးဌာနမှ ညွှန်ကြားရေးမှူး  ဉီးကျော်ကျော်သိန်းနှင့် ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲကျင်းပရာ မိုးလုံလေလုံအားကစားကွင်းအတွင်း၌ ပြည်သူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။