တံတားဦး ဖေဖော်ဝါရီ ၂
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းကျင်းပကြောင်း သိရသည် ။
အဆိုပါထမနဲထိုးပြိုင်ပွဲတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက ထမနဲထိုးပြိုင်ပွဲ ကျင်းပရခြင်းအကြောင်းကို ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်ညွန့်က ထမနဲထိုးပြိုင်ပွဲ အမှတ်ပေးစည်းကမ်းများကို ရှင်းလင်းပြောကြားရာတွင် ထမနဲထိုးပြိုင်ပွဲမစတင်မီ ကြိုတင်ပြင်ဆင်မှု၊ သတ်မှတ်ချိန်တွင်ပြီးစီးမှု၊ ထမနဲထိုးနေစဉ်ဆောင်ရွက်မှု၊ ထမနဲအရောင်အသွေးကောင်းမွန်မှု၊ အရသာကောင်းမွန်မှု၊ ပါဝင်ပစ္စည်းများပြည့်စုံမှု၊ သန့်ရှင်းသပ်ရပ်မှု၊ ထမနဲထိုးနည်းစနစ်တကျရှိမှုနှင့် ထိုးချိန်သတ်မှတ်ပေးထားမှုတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝန်ထမ်းပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးဆောင်ရွက်နေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး ဆုရရှိသောအသင်းများကို ဆုများအသီးသီးချီးမြှင့်ကြကြောင်း သိရသည်။
ဦးရဲတင့်