နမ့်ခမ်း ဖေဖေါ်ဝါရီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် မြို့မဈေးရှိ ဈေးသူဈေးသားများ မီးဘေးအန္တရာယ်မှ ကာကွယ်ရန်နှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက မီးငြိမ်းသတ်နိုင်ရန် ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြခြင်းအား ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲအောင်က မီးဘေးအန္တရာယ်မှ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး လက်တွေ့မီးငြိမ်းသတ်နိုင်ရေး သရုပ်ပြဆောင်ရွက်ခဲ့ရာ ဈေးသူဈေးသားများမှ စိတ်ဝင်စားစွာ လက်တွေ့ကိုယ်တိုင်ဝင်ရောက်၍ မီးငြိမ်းသတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဇင်မောင်(နမ့်ခမ်း)