ရန်ကုန် ဖေဖော်ဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများသွားရေးလာရေး အဆင်ပြေစေရန်ရည်ရွယ်၍ မင်းဓမ္မလမ်းနှင့် ပြည်လမ်းကြားရှိ ဇင်ဇီယာလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ကျင်းပရာတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး(ရန်ကုန်မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ စီးပွားရေးရာ ဝန်ကြီးဦးအောင်သန်းဦး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဇင်ဇီယာလမ်းတစ်လျှောက် လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ပြည်လမ်းကြားရှိ ဇင်ဇီယာလမ်း ကွန်ကရစ်လမ်းသည် အရှည်(၂၈၀၀)ပေ၊ အကျယ်(၂၄)ပေ၊ ထု(၉) လက်မဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြောက်ပိုင်းခရိုင် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံချုပ် အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)