ချင်းရွှေဟော် ဩဂုတ် ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ချင်းရွှေဟော်မြို့အဝင် သံတားဂိတ်တွင် ယနေ့ နံနက်(၇) နာရီအချိန်မှ စတင်၍ စစ်ဆေးရေးဂိတ်ထားရှိပြီး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့ ဝင်ရောက်လာမည့် အများ ပြည်သူ ခရီးသွားများအား ကိုယ်ပူချိန်တိုင်းတာခြင်း၊ ရောဂါလက္ခဏာများရှိ/မရှိစစ်ဆေးခြင်း၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် မော်တော်ယာဉ်များအား ရပ်တန့်ပြီး ခရီးသွားမှတ်တမ်းများ ကောက်ယူခြင်းများကို လောက်ကိုင်မြို့နယ်နှင့် ချင်းရွှေဟော်မြို့ ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ အလှည့်ကျ တာဝန်ယူပြီး နေ့စဉ် နံနက်(၇)နာရီမှ ညနေ(၆)နာရီ အချိန်အထိ ကျန်းမာရေ:စစ်ဆေးမှုများ အရှိန် အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်အထွက် နယ်စပ်ဂိတ်နှင့် မြို့အဝင်သံတံတားဂိတ်များတွင် ထားရှိပြီး အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)