ဟိုပန် ဖေဖော်ဝါရီ ၁
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ စုပေါင်း၍ ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ဟိုပန်မြို့ရှိ ကျောက်တိုင်ကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များသည် ဆွမ်းဆန်တော်များ ဆက်ကပ်လောင်းလှူမည့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများအား လိုက်လံနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ တိုင်း၊ ခရိုင်၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ဟိုပန်မြို့ရှိ ဒေသခံပြည်သူများက ဟိုပန်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်အပါး(၅၀)နှင့် သီလရှင်စာသင်တိုက်ရှိ သီလရှင်အပါး (၂၀) တို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထု၊ ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဆွမ်းဆန်တော်လောင်းလှူပွဲအပြီးတွင် နိဗ္ဗာန်စျေးပွဲတော် ကျင်းပပြုလုပ်ရာ ဟိုပန်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းကာ ဧည့်ပရိသတ်များအား ကြာဇံဟင်းခါး ၊ "ဝ"ဆန်ပြုတ်စသည့် စတုဒီတအာဟာရများ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)