မိတ္ထီလာ ဖေဖော်ဝါရီ ၂
မိတ္ထီလာမြို့ အထက(၁)တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပကြောင်း သိရ သည်။
အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အဖွင့်အမှာစကား ပြောကြားသည်။ဆက်လက်၍ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဌေးဝင်းက ရှင်းလင်းပြောကြားသည်။ ထိုနောက် အထက (၁)တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော ကျောင်းသားကျောင်းသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆိုပါ ကျောင်းသား၊ ကျောင်းသူများထံသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဒေါ်အုန်းသန်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်လေး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဦးကျော်ဇေယျ၊ မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးဝင်းသိန်းတို့က ပေးအပ်သည်။ဆက်လက်၍ အထက(၁)ကျောင်းအုပ် ဦးမြသိန်းထံသို့ ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းက ပေးအပ်ကြောင်း သိရသည်။
ချမ်းသာ