ရခိုင်ပြည်နယ် စစ်တွေမြို့၌ မြန်မာ့တပ်မတော်အား ထောက်ခံပွဲပြုလုပ်

စစ်တွေ   ဇန်နဝါရီ ၃၁ 

ရခိုင်ပြည်နယ် စစ်တွေမြို့၌ မြန်မာ့တပ်မတော်အားထောက်ခံပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်၊ လေယာဉ်ကွင်းလမ်း၊ အသျှင်စန္ဒြမဏိဗိမာန်တော်မှ စတင်ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ကြသည်။ 

ထိုသို့လှည့်လည်ဆန္ဒဖော်ထုတ်ကြစဉ် မြန်မာ့တပ်မတော်အား ထောက်ခံဆန္ဒဖော်ထုတ်ရန် လာရောက် ကြသော လူဦးရေ ၁၀၀၀ကျော် ခန့်သည် လေယာဉ်ကွင်းလမ်းမှ မေယုလမ်း၊ လမ်းမကြီးတိုင်း စီတန်း လှည့်လည်ကြပြီး မေယုလမ်း၊ လမ်းမကြီးမှ မီးစက်ကြီးအဝိုင်း၊ ထိုမှတစ်ဆင့် စစ်တွေ - ရန်ကုန် အဝေးပြေးလမ်း အတိုင်း ဝေသာလီအားကစားကွင်းထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကြကာ ဝေသာလီအားကစား ကွင်း၌  ကြွေးကြော်ကာ လူစုခွဲခဲ့ကြသည်။ 

ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အိမ်စောင့်အစိုးရအဖွဲ့အား အပြည့်အဝ ထောက်ခံပါသည်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေသော တပ်မတော်အား အပြည့်အဝထောက်ခံပါသည်။ နိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်နေသော တပ်မတော်အား ထောက်ခံပါသည်။ အမျိုးဘာသာသာသနာကို စောင့်ရှောက်သော မြန်မာ့တပ်မတော်အား ထောက်ခံပါ သည်။ အမျိုးဘာသာ သာသနာကို ဖျက်မည့်သူ ဒို့ရန်သူ၊ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်း ရုံးမည်၊ သွေးခွဲလာသူ ဒို့ရန်သူ၊ NUG ၊ CRPH ၊PDF အကြမ်းဖက်သမားအလိုမရှိ၊ NUG ၊ CRPH ၊ PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဒို့အရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ အကြမ်းဖက် လူသတ် PDF အလိုမရှိ စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြကြောင်းသိရသည်။

 

တင်ထွန်း (စစ်တွေ)