ရွှေကူ ဖေဖေါ်ဝါရီ ၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့က ပူးပေါင်း၍ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်မှုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို လူစည်ကားရာ နေရာများတွင် လှည့်လည် ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး တွင် ပြည်သူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကိုဗစ်−၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များနှင့် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ ကျေးရွာများအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များကို ထည့်သွင်းနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြသည်။
ရွှေကူမြို့နယ်တွင် ၂၀၂၀ ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှစ၍ ကိုဗစ်−၁၉ ရောဂါပိုး ကူးစက်ခံရခြင်းဖြစ်ပြီး စတင်ကူးစက်ချိန်မှ ယနေ့အထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း (၁၄၆၀)ဦးအထိရှိခဲ့ရာ သေဆုံးသူ (၆၃)ဦး၊ ပြန်လည်ကျန်းမာ၍ ဆေးရုံမှဆင်းခွင့်ရသူ (၁၃၉၆)ဦး၊ ဆေးကုသမှုခံယူနေသူ (၁)ဦးရှိကြောင်း၊ မြို့နယ်အတွင်း ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရေးအတွက် ယခုကဲ့သို့ အသိပညာပေး ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)