မိုးညှင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်လှစ်

မိုးညှင်း ဖေဖော်ဝါရီ    

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ ၂၀၂၁-၂၀၂၂ခုနှစ်၊ (၆)လဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ (၁)ရက် နံနက်(၁၁)နာရီခွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က အခြေခံ အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသောင်းထိုက် သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ကျေးလက်နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထောက်အကူပြုဖြစ်စေရန်နှင့် အဆိုပါသင်တန်း ဖွင့်လှစ်ပေးခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုအတွက် ဝင်ငွေများတိုးပွား လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အပ်ချုပ်စက်သင်တန်းတွင် တက်ရောက်လာကြသည့် သင်တန်းသူများကို သင်ထောက်ကူပစ္စည်းများအား အသီးသီးပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းချိန်ကာလအနေဖြင့် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ (၂၈)ရက်နေ့ အထိ တစ်လတာကာလကြာမြင့်မည်ဖြစ်ကြောင်း၊ မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာများမှ တက်ရောက်လာကြသည့် သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ဇွဲသူရအောင်