ဝမ်းတွင်း ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပြုလုပ်ခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်မှ လူငယ် လူရွယ်များအတွက် ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြင့် စာပေဖတ်ရှုမှု အားကောင်းစေပြီး ပြောရဲဆိုရဲတတ်စေသော အတွေ့ကြုံကောင်းများရရှိစေခြင်း၊ ကဗျာစာပေးများဖတ်ရှုခြင်းဖြင့် အသိပညာများ တိုးပွားလာပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေး ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ဆုပေးပွဲအခမ်းအနားကို ကျင်းပရာကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား/ကျောင်းသူများကို မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်မှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို စာကြည့်တိုက်မှူး ဦးတင်လှိုင်နှင့် ဦးသိန်းမြင့်(ရုပ်သံ-၃)တို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲသို့ အမက(၃)ကျောင်းမှ ကျောင်းသား/ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ပြည်ထောင်စုနေ့ သိကောင်းစရာ စာအုပ်စာပေများကို လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)