စမ်းချောင်း သြဂုတ် ၂၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယမန်နေ့နံနက် ၉:၃၀ အချိန်ခန့်က စမ်းချောင်းမြို့နယ် အတွင်းရှိ ယာယီပျံကျ စျေးများ ဖြစ်သည့် မြင့်မိုရ်လမ်းစျေး၊ ရန်ပြိုလမ်းစျေး ဘအောင်တော်မူလမ်းစျေး နှင့် မြသီတာလမ်းစျေးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် နှာခေါင်းစည်း (mask)များ တပ်ဆင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ယာယီပျံကျစျေးများအတွင်း ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်လာသူများအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာခြင်းရှိ /မရှိ စစ်ဆေးခြင်း၊ စျေးအတွင်းသို့ ဝင်ရောက်ရာတွင် mask တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ mask တပ်ဆင်ထားခြင်း မရှိသူများအား အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ခင်ချောစုဝင်း