ချမ်းအေးသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ချမ်းအေးသာစံ ဖေဖော်ဝါရီ    ၁

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သကျသီဟဘုရားဝင်းရှိ ဗုဒ္ဓဂုဏ်ရောင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ချမ်းအေးသာစံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝေလင်းနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၄ ကတ်အား ဒေးဝန်းအနောက်ရပ်ကွက်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်နှင့် အောင်နန်းရိပ်သာအနောက် ရပ်ကွက်တွင်နေထိုင်ကြသော ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ပန်းခင်းစီမံချက်အဖြစ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အသက် (၁၈)နှစ်ပြည့် လာမည့်သူနှင့် အသက် (၁၈)နှစ်ပြည့်ပြီးသူများအား ၂၀၀၄ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ ရှေ့ပိုင်း မွေးဖွားသူများအား အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဥပဒေအရကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးတို့အား သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးများတွင်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင် (ပြန်/ဆက်)