မိုင်းယန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မိုင်းယန်း   ဖေဖော်ဝါရီ     ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌  ယနေ့ နံနက် ၁၀ နာရီက  စာရေးဆရာ အရှင်ဝရဗုဒ္ဓိ (ဓမ္မခရီးဖော်) ရေးသားသော “စိတ်နှလုံး အေးချမ်းပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် စာဖတ်ဝိုင်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း  ရှင်းလင်းပြောကြားပြီး စာရေးဆရာ အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်) ရေးသားသော “စိတ်နှလုံး အေးချမ်းပါစေ” စာအုပ်မှ “ရည်ရွယ်ချက်မြင့်မြင့်ထားပါ” ခေါင်းစဉ်ဖြင့်  စတင်ဆွေးနွေးခဲ့သည်။

ထို့နောက် (Book Club) အသင်းအဖွဲ့ဝင် ဦးဝင်းထွန်းမှ “ကိုယ်ပိုင်စည်းကမ်း” ခေါင်းစဉ်ဖြင့် ကိုယ့်ကိုယ်ကိုယ် ကိုယ်ပိုင်စည်းကမ်းတစ်ခုထားဖို့ လိုအပ်ပါကြောင်း၊ ငါဘယ်သူ့ကိုမှ ဒုက္ခ မပေးဘူးဆိုတဲ့ စည်းကမ်းမျိုး၊ ငါဘယ်သူ့ကိုမှ လှည့်စားတဲ့သူ မဖြစ်သင့်ဘူးဆိုတဲ့ စည်းကမ်းမျိုး၊ ငါ့စိတ်ကို လှည့်စားပြီး စိတ်ချမ်းသာအောင် မလုပ်ဘူးဆိုတဲ့စည်းကမ်းမျိုးကို ထားသင့်တဲ့ အကြောင်း ကိုလည်းကောင်း၊ (Book Club) အသင်းအဖွဲ့ဝင် ဦးပိုင်သက်က “လမ်းမှန်နှင့်ပန်းတိုင်” ခေါင်းစဉ်ဖြင့် ဘဝခရီးကို လျှောက်လှမ်းတဲ့အခါမှာ အမှားအယွင်းမရှိဘဲနဲ့ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်နိုင်ဖို့အတွက် လူတိုင်းလူတိုင်း အသိဉာဏ်တွေ ရရှိဖို့ကြိုးစားကြရမှာ ဖြစ်ပါကြောင်း မှန်ကန်တဲ့ အသိဉာဏ်ကို ရရှိအောင် ဘယ်လိုကြိုးစားရမှာလဲ၊ မှန်ကန်တဲ့ အသိဉာဏ်ကိုရရှိဖို့ရန် ဆရာကောင်းထံ မှီဝဲဆည်းကပ်လေ့လာသင်ယူရမယ်၊ မိတ်ဆွေကောင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရမည်ဖြစ်ကြောင်း ဆွေးနွေးရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)