မိုးကုတ် ဩဂုတ် ၂၆
လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် လူမှု၀န်ထမ်းဦးစီးဌာနမှ ပြုလုပ်သည့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက မြို့နယ်အနေဖြင့် ကော်မတီ၏လုပ်ငန်းများကို အဖွဲ့၀င်များ၏ ချိတ်ဆက်ဆောင်ရွက်မှုအားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုအပေါ် အားသာချက်၊ အားနဲချက်များအား ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပြီးနောက် ပြင်ဦးလွင်ခရိုင် လူမှု၀န်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မာအေး (ဒုတိယညွှန်ကြားရေးမှူး) မှ ကိုဗစ် − ၁၉ ကာလအတွင်း ဌာန၏ ကိုယ် ၀န်ဆောင်မိခင်နှင့် ၅ နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းအသိပေးခဲ့သည်။
ထို့နောက် ကော်မတီ၀င်များဖြစ်ကြသည့် မြို့နယ်တရားသူကြီး ဒေါ်ပွင့်ဖြိုးလင်းနှင့် မြိုမရဲစခန်းမှူး ဒုရဲမှူးသိန်း၀င်းထွန်းတို့မှ မိုးကုတ်မြို့တွင် ဖြစ်ပွားလျှက်ရှိသည့် ဒုစရိုက်မှုများတွင် ကလေးသူငယ်များပါ၀င်ပတ်သက် နေမှုအခြေအနေများရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့်အဖွဲ့ဝင်များမှ လိုအပ်သည်များ ဝိုင်းဝန်းဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖြိုးမမ(မိုးကုတ်)