ကော့မှူး ဖေဖော်ဝါရီ ၁
(၇၅)နှစ် မြောက်စိန်ရတုပြည် ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း VDPရန်ပုံငွေဖြင့် ကျေးရွာသူကျေးရွာသားများ ပူးပေါင်းဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညွှန့်ဇော်(နည်းပညာ) ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးထွန်းဇော်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသူ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဇော်တို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
အဆိုပါ ကွန်ကရစ်လမ်း နှစ်လမ်းမှာ အရှည်ပေ (၄၅၅) ပေ၊ အကျယ် (၆) ပေ၊ အမြင့် (၆) လက်မ တစ်လမ်းနှင့် အရှည်ပေ (၃၀၅)ပေ၊ အကျယ် (၁၀) ပေ၊ အမြင့် (၁၀) လက်မထုရှိသည့် ကွန်ကရစ်လမ်းများကို ကျေလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDPရန်ပုံငွေဖြင့် ကော့မှူးမြို့နယ် ကျေးလက်မှကြီးကြပ်မှုဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လ ဘတ်ဂျက်ဖြင့် သိန်း ၁၀၀ နှင့် ကျေးရွာနေ ပြည်သူများ၏ စုပေါင်း လုပ်အားဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဒုတိယ အပတ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများသည် ယခင်ကလမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်ခဲ့သော်လည်း လက်ရှိအချိန်တွင်လမ်းပန်း ဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာပြီး ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းများ၊ တံတားများ တည်ဆောက်နေမှုကြောင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်ဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ကျော်သူရ (ကော့မှူး)