မိုင်းခတ် ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ဖေဖေါ်ဝါရီ၁ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၏ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မိုင်းခတ်-မိုင်းညှင်းလမ်းမြေသားလမ်းချဲ့ထွင်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်း အခမ်းအနားကို ယနေ့နံနက်၉နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းသစ်ကို၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် (၂၀၂၁ခုနှစ်အောက်တိုဘာလမှ၂၀၂၂ခုနှစ် မတ်လအထိ) (၆)လအတွင်း ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် မြေသားလမ်းချဲ့ထွင်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်း(၅)ဖာလုံ ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ရာ မိုင်းခတ်-မိုင်းညှင်းသွားလမ်းမကြီးပေါ်တွင်ရှိပြီး ကျေးရွာအုပ်စု(၆)အုပ်စု၊ ကျေးရွာပေါင်း(၃၅)ရွာ၊ အိမ်ခြေ/အိမ်ထောင်စုပေါင်း(၁၅၈၀)အိမ်နှင့် လူဦးရေပေါင်း(၆၃၂၁)ဦး တို့ကို အကျိုးပြုလျက်ရှိကြောင်း၊ကျောက်ချောလမ်းခင်းရန်ကျန်ရှိသည့် လမ်းပိုင်း(၃)မိုင်ခန့်အား လာမည့်၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတာဝန်ရှိသူထံမှ သိရသည်။
အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)မိုင်းခတ်၊ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးရာဇာထွန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွေးကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်စိုးနှင့် ဝမ်ခုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးအိုက်ဆမ်တို့က တက်ရောက်ပြီးဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။