ကျိုင်းတောင်း ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ မြို့ဝင်မြို့ထွက်ရှိ ကိုဗစ်-၁၉ရောဂါ စတုတ္ထလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ကူးစက်ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့ဝင်/မြို့ထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်များကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်၍ ပြန်လည်ထားရှိကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ကျန်းမာရေး စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ထားရှိမှုအပေါ် ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်မှ ကြည့်ရှုစစ်ဆေး ဆောင်ရွက်၍ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်းမြို့သို့ အဝင်အထွက် သွားလာနေသည့် မော်တော်ယာဉ်များနှင့် မော်တော် ဆိုင်ကယ်များပေါ်တွင် စီးနင်းလိုက်ပါလာသော ရပ်နီးရပ်ဝေး ခရီးသွားပြည်သူများကို ခရီးသွားရာဇဝင် အချက်အလက်များ ကောက်ယူမှတ်သားမှုထားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားပြီးကြောင်း လက်မှတ်ပါ/မပါ စစ်ဆေးဆောင်ရွက်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း ၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်မှုပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ဒေသများမှ ရောက်ရှိလာသည့် ခရီးသွားပြည်သူများကို Facility Quarantine Center၌ Quarantine ဝင်ရောက်စေခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဌာန တို့ပူးပေါင်း၍ နေ့စဉ် နံနက်(၈)နာရီမှ နေ့လယ် (၁၂) နာရီထိ နှင့် နေ့လယ် (၁၂)နာရီမှ ညနေပိုင်း(၅)နာရီထိ အလှည့်ကျ တာဝန်ချစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)