ကျောက်ဖြူ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ အဏ္ဏဝါညစ်ညမ်းမှု မဖြစ်ပေါ်စေရန်နှင့် အဏ္ဏဝါစွန့်ပစ် ပစ္စည်းများလျှော့ချနိုင်ရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာ စောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နေ့မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာ နေရာများသို့ သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက် ဦးဆောင်သည့် ဝန်ထမ်းများက မြစ်နားတန်းရပ်ကွက်ရှိ ဂျပန်မဆိပ်ကမ်း နေရာသို့ သွားရောက်ကာ အဆိုပါဆိပ်ကမ်း တစ်လျှောက်တွင် ဈေးဆိုင်ခန်း ရောင်းချနေသူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများနှင့် အငှားယာဉ်မောင်းနှင် နေသူများကို အဏ္ဏဝါစွန်းပစ်ပစ္စည်းများ၏ အန္တရာယ်အကြောင်း သိကောင်းစရာ၊ ရေထုညစ်ညမ်းမှု အကြောင်း သိကောင်းစရာများပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများအပြင် ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေ သာယာလှပရေးအတွက် မြို့ပေါ်ပရဟိတ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အဆိုပါကမ်းခြေတစ်လျှောက်ရှိ အမှိုက်များအား စုပေါင်းရှင်းလင်းခြင်းကို အပတ်စဉ် စနေနေ့တိုင်း ပုံမှန် မပျက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)