ရမ်းဗြဲ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ရမ်းဗြဲမြို့နယ်ရဲတပ်ဖွဲ့မှကြီးမှူး၍ မှုခင်းအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ရမ်းဗြဲမြို့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရမ္မာဝတီခန်း၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ မှုခင်းအသိပညာပေး ဟောပြောပွဲကျင်းပရာတွင် ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းမှ အဖွင့်အမှာစကား ပြောကြားသည်။
၎င်းနောက် ရမ်းဗြဲမြို့နယ် မီးသတ်စခန်းမှ ဒု-မီးသတ်ဦးစီးမှူး ဦးကျော်ဇင်နိုင်နှင့် ရမ်းဗြဲမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ကုသရေး ဦးစီးမှူး ဒေါက်တာအောင်နိုင်စိုးတို့က အမှာစကား ပြောကြားကြပြီးနောက် ရမ်းဗြဲမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးမျိုးလွင်က ရမ်းဗြဲမြို့နယ်အတွင်း မှုခင်းကျဆင်းရေးနှင့် မှုခင်းဖြစ်ပွားပေါ်ပေါက်မှု မရှိစေရေးအတွက် အချိန်မီတားဆီး ကာကွယ်နိုင်ရေး တို့နှင့် စပ်လျဉ်းပြီး အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
အဆိုပါ မှုခင်းအသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးဝန်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)