စစ်တွေ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့သည် မိမိတို့အစိုးရအဖွဲ့ တာဝန်ယူ ထမ်းဆောင်သည့် ကာလ တစ်နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာအတိုင်း ကောင်းမှုကုသိုလ် ပြုလုပ်ရန် ဆရာတော်သံဃာတော်များအား ဆွမ်းကပ်လှူခြင်း ဆွမ်းဆန်တော် လောင်းလှူခြင်းများကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့တာဝန်ယူစဉ်က ပြည်နယ်အတွင်း ရေဘေးကာလ၊ ကိုဗစ်ကာလနှင့် တခြား အခက်အခဲများကိုလည်း ရင်ဆိုင်တွေ့ကြုံခဲ့ရသော်လည်း မိမိတို့အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ တာဝန် ကိုယ်စီထမ်းဆောင်ကာ ပူးပေါင်းဆောင်ရွက်မှုကြောင့် အချိန်တိုအတွင်း ထိုကိစ္စရပ်များကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် ဆောင်ရွက်ပေးလျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတက်ရေးအစရှိသည်တို့ကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အစွမ်းကုန် ကူညီဖြေရှင်း ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်ကြောင့် ထိခိုက်ခဲ့သော စီးပွားရေးလုပ်ငန်းများကို လည်း အတတ်နိုင်ဆုံးကုစား ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာတွင် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းများကို ယခု အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်း၊ ပြည်နယ်၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တာဝန်ယူ ဆောင်ရွက်ရသည့် အခန်းကဏ္ဍအလိုက် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက် ကြစေလိုကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင်လည်း အရေးကြီးသည့် အမျိုးသားရေး တာဝန်တစ်ရပါအနေဖြင့် အထူးသတိထား ဂရုစိုက်ပြီး ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ပြည်သူလူထုက ယုံကြည့်အားကိုးရသည့် ဌာနများ၊ လူပုဂ္ဂိုလ်များ ဖြစ်အောင် ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က မိမိတို့ ဝန်ကြီးဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှု၊ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာ ဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာ ရုံးများသန့်ရှင်း သာယာယာလှပရေး၊ အခွန်ကောက်ခံသည့် ဌာနများအနေဖြင့် အခွန်ပြည့်မီစွာ ကောက်ခံရရှိရေးစသည့်တို့ကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)