မိုင်းကိုင် ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့ဝင်များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများ ပါဝင်ပတ်သက်မှု မရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် မြို့မိမြို့ဖများက ယမန်နေ့နေ့လယ်ပိုင်းတွင် မြို့နယ်အတွင်း ကွင်းဆင်း အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းမှုတွင် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH , NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ဆက်နွယ်ပတ်သက်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် ပြည်သူကို ခြောက်လန့်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လူမှုကွန်ရက်စာမျက်နှာများတွင် ဝါဒဖြန့်ခြင်းများ ဆောင်ရွက်ကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ဆောင်ရွက်နေသည့်ကိစ္စနှင့်ပတ်သက်၍ နားမယောင်မိစေ ရန်၊ ဝါဒဖြန့်မှုအပေါ် လိုက်ပါဆောင်ရွက်ခြင်း မပြုကြရန်အတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော်ခြင်း ၊ ရှမ်းပြည်နယ် စည်ပင်သာဘာရေးကော်မတီ၏ အမိန့်ကြော်ငြာစာ များကို အသိပေးခြင်းများ ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)