COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ရှောင်တခင်စစ်ဆေး

မန္တလေး၊ သြဂုတ် ၂၆

ဈေးကွက်အတွင်း Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

မကြာမီရက်ပိုင်းကပြည်တွင်းကူးစက်မှုများဖြစ်ပေါ်လာသဖြင့် ဈေးကွက်အတွင်း COVID-19ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးဆိုင်ရာကျန်းမာရေးအကူပြုပစ္စည်းများဖြစ်သည့် Maskနှင့် Hand Gel ဝယ်လိုအားမြင့်တက်၍ ဈေးနှုန်းမြင့်တက်မှုများဖြစ်ပေါ်ခဲ့သည်။

 “Mask နဲ့ Hand Gel ဈေးနှုန်းတွေမြင့်တက်လာတယ်ဆိုပြီး သတင်းတွေလည်းရရှိတယ်၊ ဈေးကွက်ထဲဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိအောင် ရှောင်တခင်လိုက်လံစစ်ဆေးနေတာလုပ်နေပါတယ်၊ ပြည်သူလူထုအသိများပြီး များများရောင်းတဲ့ဆိုင်တွေကို ကနဦးစစ်ဆေးတယ်၊ ဆိုင်တွေသွားလို့ ဝယ်ယူနေတဲ့သူတွေကိုလည်း တွေ့ဆုံမေးမြန်းမှုတွေလုပ်တယ်၊ ဈေးပိုတယ်မပိုဘူးဆိုတာက မူလဝယ်ယူတဲ့အရင်းအမြစ်ပေါ်မှာ အခြေခံကောင်းအခြေခံပါလိမ့်မယ်၊ မူလအရင်းအမြစ်က ကစားတာလား တစ်ဆင့်ရောင်းချတဲ့သူက ကစားတာလား၊ ဈေးနှုန်းကအကျိုးအမြတ်အတွက်ရည်ရွယ်ပြီး ဈေးနှုန်းတက်စေလိုတဲ့ဆန္ဒနဲ့ဆောင်ရွက်တယ်ဆိုရင်တော့ဥပဒေနဲ့ငြိစွန်းမှာပါ၊ စစ်ဆေးတွေ့ရှိရင်ဥပဒေအရအရေးယူခြင်းခံရမှာပါ၊ ရောင်းချသူတွေအနေနဲ့ အကျိုးအမြတ်ရယူလိုစိတ်နဲ့ ဈေးကစားမှုမျိုးတွေမလုပ်ဘဲ ဒီရောဂါကြီးကို ဝိုင်းဝန်းပူးပေါင်းပြီး ကာကွယ်ကြမယ်ဆိုတဲ့စိတ်နဲ့ သင့်တင့်လျောက်ပတ်တဲ့အမြတ်အစွန်းနှုန်းနဲ့ ရောင်းဝယ်ကြပါ”ဟု မန္တလေးတိုင်းဒေသကြီး စားသုံး သူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးကပြောသည်။

 ရှောင်တခင်စစ်ဆေးမှုများကို သြဂုတ် ၂၂ ရက်နေ့ စတင်လုပ်ဆောင်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ဈေးနှုန်းကြီးမြင့်စွာရောင်းချနေသည်များကိုသိရှိပါကလည်း စားသုံးသူရေးရာဦးစီးဌာနသို့ အွန်လိုင်းမှတစ်ဆင့်သတင်းပေးတိုင်ကြားနိုင်ကြောင်း၊ တိုင်းကြားလာသည့်အချက်အလက်များပေါ်မူတည်ပြီး စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ သတ်မှတ်ထားသည့် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကို ဆောင်ရွက်နေသည်ကို စိစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။ 

ထိပ်ထားနိုင်