ရန်ကုန် ဖေဖော်ဝါရီ ၁
အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Pageများမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၀)နာရီ ညနေ (၄) နာရီအထိ အသံတိတ်သပိတ် (Silent Strike) ပြုလုပ်ရန်နှင့် ညနေ(၄)နာရီအချိန်တွင် အသံတိတ်သပိတ် အောင်မြင်ခြင်းအနေဖြင့် လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ ပြုလုပ်ကြရန် လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေယာယီစျေးသို့ လာရောက်ကြသည့် ဈေးရောင်း/ဈေးဝယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က စျေးတာဝန်ခံနှင့် ဝန်ထမ်းများက အသံချဲ့စက်ဖြင့် စျေးအတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိ နားမလည်၍ဖြစ်စေ၊ လိုက်ပါလုပ်ဆောင်ခြင်း၊ ကြောက်ရွံ့၍ဖြစ်စေ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောက်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ - က နှင့် ပုဒ်မ ၅၀၅ - က ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ ( က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါကြောင်း၊ ထို့ပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများ အပေါ် လိုက်လုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးနှိုးဆော်တိုက်တွန်းထားကြောင်း သိရသည်။
ထို့အပြင် အဆိုပါ အသံတိတ်သပိတ် (Silent Strike) နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အား တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀)တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များရှိ လမ်းမကြီးများ၊လမ်းသွယ်များ၊ လမ်းဆုံလမ်းခွများ၊ ကားမှတ်တိုင်များနှင့် လူအသွားအလာများသည့် နေရာများတွင် မော်တော်ယာဉ်ဖြင့် နေ့စဉ် လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်းလည်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)