ကျောက်မဲ ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား Silent Strike (အသံတိတ်သပိတ်) တွင်ပါဝင်မှုမရှိစေရေး နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်များအား သိရှိစေရေးတို့အတွက် မြို့ပေါ်ရပ်ကွက်သို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ချက်များကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေရေး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်(Facebook Account)များမှ တစ်ဆင့် နည်းလမ်း မျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများ ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကိုပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေနှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရနိုင်ကြောင်း လိုက်လံ နှိုးဆော်ခဲ့သည်။
အလားတူ နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်များ လက်ကမ်းစာစောင်များကိုလည်း ဈေးများ၊ မြို့ပေါ်ရပ်ကွက်ပေါ်ရှိ ဈေးဆိုင်များ၊ အများပြည်သူများသို့ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)