မံစီ ဇန်နဝါရီ ၃၁
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့က ပူးပေါင်း၍ အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်မှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို လူစည်ကားရာ နေရာများတွင် လှည့်လည်ဆောင်ရွက် ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်လိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များကို ထည့်သွင်း နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြသည်။
မံစီမြို့နယ်တွင် ၂၀၂၀ ခုနှစ် ဇွန်လ (၃၀) ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး စတင်ကူးစက်ချိန်မှ ယနေ့အထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း (၈၄၁)ဦးအထိရှိခဲ့ရာ သေဆုံးသူ (၆)ဦး ပြန်လည်ကျန်းမာ၍ ဆေးရုံမှဆင်းခွင့်ရသူ(၈၃၄) ဦး ဆေးကုသမှုခံယူနေသူ (၁) ဦးရှိကြောင်း၊ မြို့နယ်အတွင်း ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း၌ ထိုသို့ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာ အလိုက် စောင်းဘောက်၊ လော်စပီကာ စသည့် အသံချဲ့စက်များဖြင့် နေ့စဉ်နှိုးဆော် ဆောင်ရွက် လျက်ရှိပြီး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များတို့က ပူးပေါင်း၍ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)