ဟိုပုံး ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းခမ်းခြူး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်နှင့် မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်အေးအေးငြိမ်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန်မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှုလျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှဧည့်သည်များ လက်မခံပါရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ တတ်နိုင်သမျှ အိမ်မှာနေရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀)ကြာ ဆေးကြောကြရန်၊ လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ တတ်နိုင်သမျှ ပြည်သူအားလုံးပူးပေါင်း ဆောင်ရွက်ကြရန်စသည့် အသိပညာပေးလုပ်ငန်းများကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)