ကျောက်ဖြူမြို့၌ အဏ္ဏဝါညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ဖြူ   ဇန်နဝါရီ   ၃၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ အဏ္ဏဝါညစ်ညမ်းမှုမဖြစ်ပေါ်စေရန်နှင့် အဏ္ဏဝါစွန့်ပစ်ပစ္စည်းများ လျှော့ချနိုင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင် ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နေ့မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာနေရာများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက် ဦးဆောင်သည့်ဝန်ထမ်းများက မြစ်နားတန်း ရပ်ကွက်ရှိ ဂျပန်မဆိပ်ကမ်း နေရာသို့သွားရောက်ကာ  အဆိုပါ ဆိပ်ကမ်းတစ်လျောက်တွင် ဈေးဆိုင်ခန်းရောင်းချနေသူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများနှင့် အငှားယာဉ်မောင်းနှင်နေသူများကို အဏ္ဏဝါစွန်းပစ်ပစ္စည်းများ၏ အန္တရာယ်အကြောင်းသိကောင်းစရာ၊ ရေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာများ ပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေ ခြင်း များအပြင် ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေသာယာလှပရေးအတွက် မြို့ပေါ်ပရဟိတအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အဆိုပါ ကမ်းခြေတစ်လျောက်ရှိ အမှိုက်များအား စုပေါင်းရှင်းလင်းခြင်းကို အပတ်စဉ် စနေနေ့တိုင်းပုံမှန် မပျက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)